အလုပ်မှာ အာရုံပိုစူးစိုက်တာ ပိုပြီး တက်ကြွအလုပ်လုပ်နိုင်အောင် သင့်ကိုယ်သင် မေးခွန်းတစ်ခုမေးကြည့်ပါ

#POINT #PointYouthPlatform

ယနေ့ခေတ်မှာတော့ လူတွေက အလုပ်ပိုလုပ်လာကြတာ အလုပ်မှာရှိတဲ့ဖိအားတွေလည်း ပိုများလာကြပါတယ်။ ပြီးတော့ ငွေရေးကြေးရေးအတွက်လည်း စိုးရိမ်ကြသလို လုပ်ငန်းကိုအမှီမလိုက်နိုင်ဘဲ နောက်တွင်ကျန်ရစ်သည့် အဖြစ်တွေလည်းရှိပါတယ်။ အလုပ်ခွင်အတွင်းအချိန်ကုန်ဆုံးမှုနဲ့ ပက်သက်သော စစ်တမ်းတစ်ခုကို Groupon ကကောက်ယူခဲ့ရာမှာ တွေ့ရှိရတာတွေကတော့
၂၀% သော အလုပ်ပင်ပန်းသူတွေက သူတို့တစ်နေ့မှာ ၁၀ နာရီလောက်အလုပ်လုပ်ကြရတယ်
၆၀% သောအလုပ်ပင်ပန်းသူတွေဟာ တစ်နေ့မှာလုပ်ကိုင်ဖို့အတွက် အချိန်မလောက်ငှကြပါဘူး
၅၀% ကတော့ အလုပ်ရဲ့ဝန်တွေက သူတို့ရဲ့ အလုပ်နဲ့ တခြားကိစ္စတွေကို မျှတအောင်လုပ်ဖို့အတွက် တားဆီးထားကြပြီး
၅၃% ကတော့ သူတို့မှာ ငွေကြေးပြသနာရှိတယ်လို့ဆိုကြပါတယ်
စကေးအရချကြည့်သည့်အခါ အိမ်မှာရှိသောဖိအားက 5/10 ရှိပြီး လုပ်ငန်းခွင်မှာတော့ 6.4/10 ရှိပါတယ်။
အလုပ်မှာ ဖိအားရှိသလို လူတွေကလည်း ပိုက်ဆံရှာဖို့အတွက် ပူပန်နေရတယ်။ အဲ့ဒါဆို ဘာကို စွန့်လွှတ်မလဲ။ သည်အခြေအနေတွေကို ပိုကောင်းလာဖို့အတွက် ဘာတွေလုပ်ကြမလဲ။

ကိုယ့်ကိုယ်ကိုယ် မေးခွန်းတစ်ခုပြန်မေးကြည့်ပါ

The productivity project စာအုပ်ကိုရေးခဲ့တဲ့ စာရေးဆရာ Chris Bailey က လုပ်ငန်းတွေကို အမြန်ပြီးမြောက်ဖို့နဲ့ အစီတစဉ်တကျဖြစ်အောင်လုပ်ဆောင်နိုင်မယ့်နည်းလမ်းတွေကို စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။ တခြားသော လုပ်ငန်းခွင်တိုးတက်အောင်လုပ်ဆောင်သည့်နည်းလမ်းတွေ သီအိုရီတွေကိုလည်း လေ့လာပြီးသည့်နောက်မှာတော့ သူက အရေးကြီးသော မေးခွန်းတစ်ခုနဲ့ပြန်လာခဲ့ပါတယ်။
“တကယ်လို့ နေ့တိုင်းနေ့တိုင်း တစ်နေ့ချင်းစီမှာ သင်က ကိစ္စစ်ခုပဲလုပ်ကိုင်နိုင်မယ်ဆိုရင် တူညီတဲ့အချိန်ပိုင်းအတွင်းမှာ သင့်ကို အများဆုံးအလုပ်ပြီးမြောက်စေတဲ့အရာကို လုပ်ကိုင်မှာလား” ဆိုတဲ့မေးခွန်းပါပဲ။
တကယ်လို့ ကိုယ့်အတွက်အဖြေရပြီဆိုရင်တော့ အဲ့မေးခွန်းကိုပဲ တခြားနည်းလမ်းနဲ့ပြန်မေးကြည့်ပါ။ တစ်နေ့မှာ အလုပ်နှစ်ခုပဲပြီးမြောက်စေနိုင်တယ်ဆိုရင် ဘယ်အလုပ်က တူညီတဲ့အချိန်ပိုင်းအတွင်းမှာ သင့်ကိုအများဆုံးအလုပ်ပြီးမြောက်စေနိုင်သလဲ။

ကိစ္စအားလုံးက မတူညီကြပါဘူး

ဘယ်အလုပ်မှာမဆို သင်အချိန်တစ်ခုပေးပြီး အဲ့အလုပ်ကိုအာရုံစိုက်လုပ်ကိုင်လိုက်တာနဲ့ တခြားသောအလုပ်တွေအတွက်ပါပြီးမြောက်သွားနိုင်တယ့် အလုပ်တာဝန်မျိုးတွေရှိပါတယ်။
သင်က စီမံကိန်းမန်နေဂျာတစ်ယောက်ပဲဆိုကြပါစို့။ စီမံကိန်းတစ်လျှောက်အတွက် အလုပ်ဒီဇိုင်းဆွဲပေးရတာမျိုးရှိမှာပါ။ ပြီးတော့ အီးမေးလ်တွေစစ်တာပေါ့။ အီးမေးလ်တွေစစ်တာက အလုပ်အတွက်ဒီဇိုင်းဆွဲပေးရတာထက် အများကြီးသက်သာပါတယ်။ ဒါပေမယ့် အီးမေးလ်တွေစစ်တာမျိုး တခြားသောဖုန်းခေါ်ဆိုမှုတွေကို ဖြေဆိုပေးတာမျိုးတွေက ကိုယ်တကယ်လုပ်နေတဲ့ အလုပ်ကိုထိခိုက်စေပါတယ်။
ဒါ့ကြောင့်လုပ်စရာရှိတာတွေထဲက အကုန်လုံးကိုသာ လိုက်စစ်ပြီး လုပ်နေမယ်ဆိုရင်တော့ ကြီးကြီးမားမားဘာတစ်ခုမှပြီးတော့မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အလုပ်ရှုပ်ခြင်းနဲ့ အလုပ်ပြီးမြောက်ခြင်းတို့ကြားမှာ ကွာခြားချက် သိသိသာသာရှိပါတယ်။ အရေးကြီးတဲ့ကိစ္စအပေါ်မှာ အာရုံစိုက်လုပ်ကိုင်တဲ့အခါမှာ အလုပ်ပြီးမြောက်ခြင်းကို ရရှိမှာဖြစ်ပြီး အရေးမကြီးတာတွေကို လိုက်ပြီးတစ်ခုခြင်းလုပ်နေမယ်ဆိုရင်တော့ အလုပ်ရှုပ်ရုံပဲဖြစ်မှာပါ။

ကိုယ်ကအရေးကြီးတဲ့ ကိစ္စအပေါ်မှာအာရုံစိုက်ပြီးလုပ်ပေမယ့်လည်း ကုန်သွားတဲ့အချိ်န်ကအသေးအဖွဲလေးတွေလုပ်တဲ့အချိန်နဲ့တူနေမှာပါပဲ။ ဒါပေမယ့် ကိစ္စအကြီးတစ်ခုပြီးဆုံးသွားတယ်လေ။ ဆိုလိုချင်တာက ကျွန်တော်တို့ပိုပြီး လုပ်ငန်းပြီးမြောက်တယ်ပေါ့။

နေ့တိုင်းနေ့တိုင်းမှာ ကိုယ်ဦးစားပေးလုပ်ဆောင်ရမယ့်အလုပ်ကို သတ်မှတ်ပါ

အပေါ်ကဖော်ပြခဲ့တဲ့မေးခွန်းပါပဲ “တစ်နေ့ကို အလုပ်ကိစ္စတစ်ခုပဲလုပ်မယ်ဆိုရင် ဘယ်အရာကိုလုပ်မလဲ” အဲ့မေးခွန်းကိုပဲမေးခြင်းဖြင့် သင့်အတွက်အရေးကြီးဆုံးတစ်ခုကို တွေ့လာမှာပါ။
အရေးအကြီးဆုံးတစ်ခုကို သိပြီးသွားရင်တော့ ကိုယ်နေ့တိုင်းနေ့တိုင်း အလုပ်ရဲ့တိုးတက်မှုနှုန်းကိုပြန်ကြည့်ပြီး ကိုယ်ရည်ရွယ်ထားတဲ့အတိုင်း အလုပ်ဖော်ဆောင်နိုင်သလားဆိုတာလည်း သတိထားသင့်ပါတယ်။ ကိုယ်အချိ်န်လုံလုံလောက်လောက်၊ အကျိုးရှိရှိ အာရုံစူးစိုက်မှုအပြည့်သုံးပြီး အလုပ်လုပ်ရဲ့လားဆိုတာ ပြန်မေးကြည့်သင့်ပါတယ်။

အဲ့မေးခွန်းတွေဟာ သင်လုပ်နေသောအလုပ်ရဲ့တိုးတက်မှုကို အလွယ်တကူသိမြင်စေနိုင်ပြီး သင်ဟာ အရေးကြီးသောအလုပ်ကို နည်းမှန်လမ်းမှန်လုပ်ဆောင်နေသလားဆိုတာကိုလည်း ကိုယ့်ကိုယ်ကိုယ် သတိပြုမိစေပါတယ်။ ပြီးတော့ နောက်နေ့တွေအတွက်လည်း ပိုကောင်းတဲ့ အစီအစဉ်တွေကို ဆောင်ရွက်လာနိုင်စေမှာဖြစ်ပါတယ်။

အဲ့လိုမျိုးစတင်ဖို့အတွက်တော့ အလုပ်ကိစ္စတွေကို အရင်ခွဲခြားရမှာဖြစ်ပြီး ဘယ်အရာက ကိုယ့်အတွက်တကယ့်ကို အရေးပါသလဲဆိုတာကို သိမြင်ရမှာဖြစ်ပါတယ်။ နေ့တိုင်းနေ့တိုင်းမှာတော့ ကိုယ့်အတွက် ဒါမှမဟုတ်လည်း အလုပ်အတွက် တာဝန်တွေက လုပ်ဆောင်စရာတွေအများကြီးရှိနေမှာဖြစ်ပါတယ်။ အဲ့တာဝန်တွေကို သေချာခွဲခြားကာ အရေးအကြီးဆုံးအရာကို လုပ်ကိုင်ခြင်းက အဓိကကျပါတယ်။

ဘဝရဲ့အချိန်အများစုက အရေးကြီးအရာတွေကို ဦးစားပေးရွေးချယ်တာပါ

ကိုယ့်အတွက် ဘာကိုဦးစားပေးလုပ်ကိုင်ရမလဲဆိုတာကို သိခြင်းက ကိုယ့်ကိုယ်ကိုယ် အောင်မြင်မှုဆီကို တွန်းတင်ပေးတဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ဘယ်အရာက အရေးကြီးဆုံးဖြစ်တယ်ဆိုတာကိုသိဖို့အတွက် အဓိကကျတဲ့မေးခွန်းတွေကို မေးကာ ကိုယ့်ကိုယ်ကိုယ်သုံးသပ်နိုင်ပါတယ်။ အလုပ်လုပ်တဲ့အချိန်ကာလအတူတူအတွင်းမှာပဲ သင်အများကြီးအလုပ်ပြီးမြောက်အောင်လုပ်ဆောင်နိုင်လာမှာပါ။

Translator : Thiha Aung

Startups

Leave a Reply

Your email address will not be published. Required fields are marked *