E Health ဝန်ဆောင်မှုကို မြန်မာနိုင်ငံတွင် စတင်အကောင်အထည်ဖော်ခဲ့သူ စွန့်ဦးတီထွင်လူငယ်လုပ်ငန်းရှင် ဒေါက်တာစွမ်းဆောင်ဦး

ဆေးပညာဖြင့် ဘွဲ့ရပြီးခါစတွင် ဆရာဝန်တစ်ဦးအဖြစ် တောရွာများသို့ သွားရောက်ဆေးကုသပေးစဉ် ကျန်းမာရေးဗဟုသုတ အားနည်းလွန်းသော ကျေးလက်ဒေသခံများတွင် မလိုလားအပ်တဲ့ ရောဂါများ ဖြစ်ပွားနေကြောင်း သတိပြုမိကာ ကျန်းမာရေးကဏ္ဍကို ပြုပြင်ပြောင်းလဲလိုသူကတော့ ဆရာဝန်လောင်းလေး ဒေါက်တာစွမ်းဆောင်ဦးပဲ ဖြစ်ပါတယ်။

“ဆေးကျောင်းပြီးတော့ ဆရာဝန်ဖြစ်ပြီး လူနာတွေနဲ့ ထိတွေ့ရတာ ပျော်တယ်။ ကျေးလက်ဒေသတွေ သွားရောက်ကုသပေးချိန်မှာ ကိုယ်နဲ့သက်ဆိုင်တဲ့ ကျန်းမာရေးကဏ္ဍမှာ လိုအပ်ချက်တွေ များမှန်း ပိုသိလာတယ်။ ကျန်းမာရေးအသိအားနည်းလို့ မလိုလားတဲ့ရောဂါတွေ ဖြစ်နေမှန်းသိသွားတယ်”ဟု သူက ပြောပါတယ်။

ဆေးကုသခြင်းထက် ပိုမိုလိုအပ်နေသော ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို တွင်ကျယ်စွာ ဆောင်ရွက်ရန် ကြိုးစားခဲ့ပြီး တစ်ချိန်မှာ လူတစ်ဦးထက် ပိုမိုအသိပညာမျှဝေပေးနိုင်မည့် နည်းလမ်းများကိုသာ ထိုအချိန်က ရှာဖွေနေခဲ့ကြောင်း သူက ပြောပါတယ်။

“ဆရာဝန်တစ်ယောက်အနေနဲ့ တစ်ချိန်မှာ လူတစ်ဦးလောက်ကိုပဲ ဆေးကုသပေးလို့ ရနိ်ုင်တယ်လို့ တွေးနေမိပြီး လိုအပ်နေသူအများစုကို တစ်ချိန်တည်း အကျိုးရှိအောင်ကူညီနိုင်မယ့် နည်းလမ်းတွေကို စတင်ရှာဖွေရန် ကြိုးစားခဲ့တယ်”ဟု သူက ပြောပါတယ်။

လူအများစုအတွက် အကျိုးသက်ရောက်မှု များပြားစေမယ့်နည်းလမ်းကို ရှာဖွေဖို့ လိုအပ်သော ပညာများကို ဆက်လက်ဆည်းပူးရန် တစ်နှစ်ခန့် အချိန်ယူစဉ်းစားခဲ့ရကြောင်း သူကပြောပါတယ်။

ထို့နောက် စီမံခန့်ခွဲရေး ဘာသာရပ်ကို သင်ယူရန် အင်္ဂလန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ကိုယ်ပိုင်ဆေးကုခန်းတစ်ခု ဖွင့်လှစ်ရန် နည်းဗျူဟာများကို သွားရောက်လေ့လာခဲ့ကြောင်း ဒေါက်တာစွမ်းဆောင်ဦးက ပြောပါတယ်။

“ဆေးခန်းငယ်လေးတစ်ခု ဖွင့်လှစ်ဖို့ ရည်ရွယ်သွားရောက်ခဲ့ပေမယ့် အင်္ဂလန်နိုင်ငံမှာ အီလက်ထရောနစ်ပစ္စည်းတွေ၊ ဆက်သွယ်ရေးနည်းတွေနဲ့ ဆေးကုသတာတွေ၊ ဆေးပညာဆိုင်ရာ အကြံဉာဏ်ပေးတာတွေ ပြုလုပ်ပေးတဲ့ E-health အကြောင်းတွေကို ပိုလေ့လာခဲ့ပါတယ်”ဟု သူကပြောပါတယ်။

အင်္ဂလန်နိုင်ငံတွင် တစ်နှစ်လေ့လာဆည်းပူးနေချိန်တွင် ပြည်တွင်းတွင် ဖုန်းဆင်းကတ်များ သိသိသာသာ ဈေးနှုန်းကျဆင်းချိန်နှင့် ကြုံကြိုက်ခဲ့သည့်အတွက် ထိုအခွင့်အရေးကို အသုံးပြုရန် E-Health အကြောင်းကို ပိုမိုအသေးစိတ် သုတေသနပြုလုပ်ခဲ့ကြောင်း သူကပြောပါတယ်။

“Developing world မှာ မိုဘိုင်းဖုန်းတွေကို ကျန်းမာရေးဝန်ဆောင်မှုတွေအတွက် အထူးအသုံးပြုလေ့ ရှိကြတယ်။ မြန်မာနိုင်ငံမှာ ဖုန်းကတစ်ဆင့် ကျန်းမာရေးဝန်ဆောင်မှုပေးတာကို အကောင်အထည်ဖော်နိုင်ဖို့ တခြားဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ အာဖရိကတိုက်က အခြေအနေတွေကိုလည်း လေ့လာခဲ့ပါတယ်”ဟု ဒေါက်တာစွမ်းဆောင်ဦးက ပြောပါတယ်။

ထို့ပြင် အင်္ဂလန်နိုင်ငံတွင် တက်ရောက်လျက်ရှိသော စီမံခန့်ခွဲရေးကျောင်းအတွက်လည်း မိုဘိုင်းဖုန်းမှ တစ်ဆင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်သည့် နည်းလမ်းများအကြောင်းကို စာတမ်းပြုစုပေးခဲ့ကြောင်း သူကပြောပါတယ်။

“ကျောင်းက ယူကေနဲ့ မြန်မာနိုင်ငံကို နှိုင်းယှဉ်ပြီး မြန်မာနိုင်ငံအတွက် မိုဘိုင်းဖုန်းမှတစ်ဆင့် ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့အကြောင်းကို အသေးစိတ် လေ့လာရေးသားဖို့ အလွန် အားပေးခဲ့လို့ ရေးခဲ့ပါတယ်”ဟု သူကပြောပါတယ်။

ထိုစာတမ်းကြောင့်ပင် ဂုဏ်ထူးရရှိခဲ့ပြီး ထိုနှစ်အတွက် တစ်ဦးတည်းသော ဂုဏ်ထူးရရှိသည့် အာရှကျောင်းသားတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်တွင် အင်္ဂလန်နိုင်ငံမှ ပြန်လည်ရောက်ရှိပြီးနောက် ထိုဝန်ဆောင်မှုကို မြန်မာနိုင်ငံတွင် စတင်ဝန်ဆောင်မှုပေးရန် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သူက ပြောပါတယ်။

“မြန်မာနိုင်ငံမှာ မိုဘိုင်း ကျန်းမာရေးနဲ့ ပတ်သက်တဲ့အကြောင်းကို သေချာသိထားတာ လက်ချိုးရေလို့ ရမယ်။ မြန်မာမှာ မရှိသေးတဲ့ ဝန်ဆောင်မှုအများအပြားကို ယူကေမှာ လေ့လာခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်တယ်။ ဒီအလုပ်ကိုလုပ်ဖို့ Passionate ဖြစ်တယ်။ မဖြစ်ဖြစ်အောင် လုပ်မယ်။ သူ့အနေနဲ့ လုပ်ရင် အောင်မြင်မယ်လို့ ယုံကြည်တယ်”ဟု သူကပြောပါတယ်။

မြန်မာပြည်သို့ ပြန်လည်ရောက်ရှိပြီး အီလက်ထရောနစ်ပစ္စည်းများဖြင့် ကျန်းမာရေးဝန်ဆောင်မှုများ စတင်ပေးချိန်တွင် လူအသုံးများသော Facebook Page တစ်ခုဖြင့် စတင်ခဲ့ပြီး အသုံးပြုသူများ မေးမြန်းသော ကျန်းမာရေးဆိုင်ရာမေးခွန်းများကို အခမဲ့ ဖြေကြားပေးခဲ့ကြောင်း ဒေါက်တာစွမ်းဆောင်ဦးက ပြောပါတယ်။

“ဖေ့ဘုတ် ပေ့ဂျ်လေးတစ်ခုနဲ့ လူ ၃ ယောက်နဲ့ စခဲ့တယ်။ နောက် ၂ ယောက်က ဆရာဝန်တွေ မဟုတ်ဘူး ။ ခဏအကြာမှာ ဆရာဝန် ၂ ယောက်ထပ်ခန့်ထားပြီး မက်ဆစ်ဂျာကနေ မေးသမျှကို ဖရီးဖြေပေးတယ်”ဟု သူကပြောပါတယ်။

ထိုကဲ့သို့ ဝန်ဆောင်မှုစတင်ပြီး သုံးလအတွင်းမှာပင် Success Story များ စတင်ရှိလာခဲ့ပြီး ယခုအချိန် ဝန်ဆောင်မှုပေးပြီး ၂ နှစ်ကျော်ခန့်အကြာတွင် ထိုဝန်ဆောင်မှုကို အသုံးပြုသူ ငါးသိန်းကျော်အထိ ရှိလာကြောင်း သူက ပြောပါတယ်။

“မြိ်တ်က အမျိုးသမီးတစ်ယောက်ဆို ကလေး ရသွားလို့ ဖျက်ချဖို့ ကြိုးစားနေတယ်။ ကျွန်တော်တို့က သူ့ကို positive thinking ဝင်လာအောင် ပြောတယ်။ အဲ့ဒိအချိန်မှာ counselling skill က အရမ်းအရေးပါတယ်။ နောက်ဆုံး သူကလေးမဖျက်ချတော့ဘူး”ဟု ပြောပါတယ်။

ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကို မေးမြန်းသူများမှာ ရွှေ့ပြောင်းအလုပ်သမားများ၊ ဆေးခန်းမသွားနိုင်သူများ များပြားကြောင်း ဒေါက်တာစွမ်းဆောင်ဦးကပြောပါတယ်။

“သန်းနဲ့ ချီတဲ့ အသုံးပြူသူတွေကြားမှာ အဆင်မပြေလို့ ပြန်တိုင်ကြားတာ အခုအချိန်ထိ ၅ ခု မရှိသေးပါဘူး။ ကျွန်တော်တို့ဆီကို ဆေးတောင်းတာ အများဆုံးပဲ။  ဒါပေမယ့် ကျွန်တော်တို့က ဘယ်တော့မှ ဆေးပေးလေ့မရှိပါဘူး။ ဘယ်လို အစားအစာတွေ စားပြီး ဘယ်လိုနေထိုင်ရမလဲဆိုတာပဲ လမ်းညွှန်ပေးပါတယ်”ဟု ပြောပါတယ်။

ထို့ပြင် ရောဂါပေါ်မူတည်ကာ ဆေးခန်းသွားရောက်သင့်ချိန်၊ နီးစပ်ရာဆေးခန်းများ၊ ဆေးရုံများရှိ ဝန်ဆောင်မှုများကိုလည်း ဖြေကြားပေးပြီး Booking လည်း တင်ပေးကြောင်း သူကပြောပါတယ်။

လူကြီး၊ လူငယ်မရွေး အသုံးပြုရ ပိုမိုလွယ်ကူစေရန် ၂၀၁၆ ခုနှစ်တွင် မြန်မာ့ဆက်သွယ်ရေးကွန်ရက် MPT နဲ့ ပူးပေါင်းပြီး ကျန်းမာရေး 7887 Healthcare Call Center တစ်ခုကို အကောင်အထည်ဖော်ခဲ့ကာ သိလိုသမျှ ဖုန်းဆက်မေးမြန်းသမျှကို ပြန်လည်ဖြေကြားပေး လျှက်ရှိကြောင်း ဒေါက်တာစွမ်းဆောင်ဦးက ပြောပါတယ်။

ထို့ပြင် နိုင်ငံခြားခရီးဝေးရောက်နေသူများ၊ ရွေ့ပြောင်းအလုပ်သမားများနှင့် လူငယ်များအတွက် Portal တစ်ခုလည်း ပြုလုပ်ခဲ့ပြီး ကျန်းမာရေးနှင့် ပတ်သက်သော ဆောင်းပါးများ၊ ကယ်လိုရီ တွက်ချက်ခြင်းများ၊ နီးစပ်ရာကျန်းမာရေးဌာနကို ဂျီပီအက်နှင့် ရှာဖွေခြင်းများကို အွန်လိုင်းမှ ပြုလုပ်နိုင်ပြီး Website နှင့် Application နှစ်ခုလုံးကို အခမဲ့ အသုံးပြုနိုင်ကြောင်း သူကပြောပါတယ်။

 

Insights

Leave a Reply

Your email address will not be published. Required fields are marked *