မြန်မာ့ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုအရွေ့ထဲမှ MMC ကျောင်းအုပ်ကြီး ဆရာမဒေါ်ခင်နှင်းစိုး

အင်ဂျင်နီယာတစ်ဦးအဖြစ် ဘဝကို လျှောက်လှမ်းနေစဉ် အလုပ်သင်ကျောင်းသားလေးများကို လမ်းညွှန် လက်တွဲခေါ်တဲ့ Mentor လုပ်ရင်း ပြောဆိုဆက်ဆံရေးအပိုင်းမှာ အားငယ်တတ်သူ ကျောင်းသားလေးတစ်ဦးကို (၆) လအတွင်း သိသိသာသာ ပြောင်းလဲပေးနိုင်ခဲ့တာက ထိုကျောင်းသားလေးအတွက်ပဲ အမှတ်တရဖြစ်နေမယ့် ဖြစ်ရပ်တစ်ခု မဟုတ်ခဲ့ပါဘူး။

ထိုကဲ့သို့ ပြောင်းလဲပေးခဲ့နိုင်သူ မခင်နှင်းစိုးအတွက်လည်း သူ့စွမ်းဆောင်ချက်က လူတစ်ဦးကို သိသိသာသာ အပြောင်းအလဲဖြစ်စေနိုင်တာကို စတင်သတိပြုမိခဲ့ပါတယ်။ ထိုအမှတ်တရလေးကြောင့်ပဲ လူကြိုက်များတဲ့ အင်ဂျင်နီယာအလုပ်ကနေ ဆရာမတစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုလုံးကို ပြောင်းလဲဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်ဟု မခင်နှင်းစိုးက ပြောပါတယ်။

“အဲ့ဒီအဖြစ်အပျက်က ကျွန်မအတွက် စက်တွေကို ပြုစုပျိုးထောင်တာထက် လူတွေကို ပြုစုပျိုးထောင်ရတာ ပိုကောင်းတယ်ဆိုတာ သိစေခဲ့ပါတယ်”ဟု လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်က ဆရာမတစ်ဦးအဖြစ် ရပ်တည်ရန် ဆုံးဖြတ်ခဲ့ချိန်များကို ပြန်လည်မြင်ယောင်းရင်း သူက ပြောပါတယ် ။

“GCE O Level အောင်မြင်ချိန် သတိပြုမိတာက ဆရာဝန် မလုပ်ချင်ဘူးဆိုတာပဲ။ တခြားဘာလုပ်ရမလဲဆိုတာလည်း မသိတော့ အဲဒီအချိန်တုန်းက လူကြိုက်များတဲ့ အင်ဂျင်နီယာကျောင်းကို တက်ရောက်ခဲ့ပါတယ်။ မိန်းကလေးနဲ့ အသင့်တော်ဆုံး၊ အမှတ်အများဆုံးဖြစ်တဲ့ အီလက်ထရောနစ်လိုင်းကို သင်ယူခဲ့ပါတယ်။ အင်ဂျင်နီယာနဲ့ ပတ်သက်ပြီး မဟာဘွဲ့ထပ်တက်တော့ Communication Engineering ဘက်ကို သင်ကြားခဲ့ပါတယ်”ဟု သူက ပြောပါတယ်။

အင်ဂျင်နီယာဘွဲ့ရအပြီး အင်ဂျင်နီယာတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်နေစဉ်မှာမှ စာသင်ကြားပေးရန်နှင့် လူငယ်များကို ပြုစုပျိုးထောင်ရန် ပိုမိုစိတ်ဝင်စားမှန်း ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဆရာမတစ်ဦးလုပ်ရန် ဆုံးဖြတ်ချက်ချပြီးနောက်မှာ သမာရိုးကျ တက္ကသိုလ်ကျောင်းများနှင့်မတူဘဲ တစ်ရက်လျှင် စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်ဖြေရှင်းနည်းနဲ့ စာသင်ကြားပေးတဲ့ (One-Day-One-Problem, Problem-Based Learning) စင်္ကာပူရှိ Republic Polytechnic မှာ အလုပ်ဝင်ခဲ့ပြီး Engineering Diploma များကို စတင်သင်ကြားခဲ့ပါတယ်။

စာသင်ကြားပေးဖို့သာ ဝါသနာပါမှန်း သိပြီးချိ်န်မှာတော့ Master of Education ကို ဆက်လက်သင်ယူခဲ့ပြီး ဆရာတစ်ဦးအဖြစ်သာ အသက်မွေးဝမ်းကြောင်းဖို့ အပြီးတိုင်ဆုံးဖြတ်ချက်ချခဲ့ပါတယ်ဟု သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ မွေးဖွားခဲ့ပေမယ့် ငယ်စဉ်ကတည်းက မိဘတွေနဲ့အတူ နိုင်ငံခြားမှာ အခြေချနေထိုင်ဖို့ ပြောင်းရွှေ့သွားခဲ့တဲ့ မခင်နှင်းစိုးက စင်္ကာပူနိုင်ငံနဲ့ အင်္ဂလန်နိုင်ငံများမှာ ပညာဆည်းပူးခဲ့ပြီး သူစိတ်ထက်သန်ရာ ဆရာမအလုပ်ကို စင်္ကာပူနိုင်ငံမှာ ၂၀ဝ၅ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၅ တန်းအောင်အထိ ပညာသင်ကြားခဲ့ပြီး နိုင်ငံရပ်ခြားမှာ ဆက်လက်ပညာဆည်းပူးခဲပေမယ့် သူမွေးဖွားရာ မြန်မာနိုင်ငံရဲ့ ပညာရေးကို ပြုပြင်ပြောင်းလဲချင်တဲ့ စိတ်ကူးအိပ်မက်က ဆရာမဖြစ်ပြီးချိန်မှာ ပိုမိုကြီးထွားလာတယ်လို သူက ပြောပါတယ်။

“ကိုယ့်မြန်မာနိုင်ငံရဲ့ ပညာရေးကို ပြုပြင်ပြောင်းလဲချင်တဲ့ စိတ်ကူးအကြီးကြီးှရှိခဲ့တယ်။ ပညာရေးဆိုတာက holistic ဖြစ်ဖို့လိုမယ်။ ပညာရေးက ဘွဲ့ရပြီးရင် ပြီးတာ မဟုတ်ဘူး ။ ဘဝတစ်သက်တာ သင်ယူနေရတာမျိုးဆိုတာ အားလုံးကို သိစေချင်တယ်”ဟု သူကပြောပါတယ်။

ပညာရေးဆိုတာ skills တွေကို သင်တာနဲ့တင် မလုံလောက်ပဲ ဘဝမှာ လူ့အဖွဲ့အစည်းမှာ ဘယ်လိုကောင်းမွန်အောင် နေထိုင်ရမလဲဆိုတာ တွေးတတ်အောင်သင်ပေးတာမျိုးထိ ရှိရမယ်လို့ သူက ယုံကြည်ထားပါတယ်။

အမြဲသက်ဝင်လှုပ်ရှားနေတဲ့ ပညာရေးကို ဖော်ဆောင်ချင်သူ ဆရာမခင်နှင်းစိုးက ၂၀၁၃ ခုနှစ်မှာ စိတ်ကူကိုယ်တူ လုပ်ဖော်ကိုင်ဖက်များကို ရှာဖွေတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံတွင် ပုဂ္ဂလိကတက္ကသိုလ် ဖွင့်လှစ်ရန် ခြေလှမ်းပြင်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ဇန်နဝါရီလမှာ Myanmar Metropolitan College (MMC) ကို ဆရာမ မခင်နှင်းစိုးနဲ့ အခြားရင်းနှီးမြှုပ်နှံသူများ ပူးပေါင်းကာ စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်ထိ ထိုကျောင်း၏ ကျောင်းအုပ်နှုင့် ကောလိပ် ဒါရိုက်တာအဖြစ် စိန်ခေါ်မှုများကို စိတ်အားထက်သန်စွာ ရင်ဆိုင်ဖြေရှင်းနေသူတစ်ဦး ဖြစ်ပါတယ်။

“Myanmar Metropolian College စဖွင့်ကတည်းက အဓိကရည်ရွယ်ချက်က မြန်မာနိုင်ငံအတွက် အပြောင်းအလဲတွေကို ဖော်ဆောင်ပေးနိုင်သူတွေကို မွေးထုတ်ပေးပြီး Impact တခု ဖြစ်ဖို့ပါပဲ။ ”ဟု သူကပြောပါတယ်။

ပညာရေးမှာ လိုအပ်နေတဲ့ကွက်လပ်တွေ ဖြည့်ဖို့ ဖွင့်လှစ်ခဲ့တဲ့ Myanmar Metropolitan College က လက်ရှိမှာ တက္ကသိုလ်ကျောင်းသားများနှင့် ဘွဲ့လွန်ကျောင်းသားများကို ပညာသင်ဆုများ၊ ချေးငွေများ ပေးနိုင်ပြီး နိုင်ငံတကာအဆင့်အတန်းမီ ပညာရေးကို သင်ကြားပေးနိုင်တဲ့အတွက် ဂုဏ်ယူကြောင်း သူကပြောပါတယ်။

နိုင်ငံအတွက် လိုအပ်နေသော အွန်လိုင်း ပညာသင်ကြားရေးစနစ်များကို ပေးနိုင်ရန် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှ စတင်ကာ MMCx ဆိုသော ပရောဂျက်အသစ်ကိုအကောင်အထည်ဖော်လျက်ရှိကြောင်း ဆရာမ ဒေါ်ခင်နှင်းစိုးက ပြောပါတယ်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြန့်ကျက်ဖို့အတွက် အွန်လိုင်းမှ ပညာသင်ကြားရေးစနစ်ကို မဖြစ်မနေ အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ လက်ရှိအချိန်မှာ Myanmar Metropolitan College အနေနဲ့ အွန်လိုင်းပလက်ဖောင်း MMCx ကိုလည်း ထိရောက်စွာအသုံးချနိုင်ဖို့ အကောင်အထည်ဖော်ဆောင်နေပါတယ်”ဟု သူမ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးကာလ အမျိုးသမီး စွန့်ဦးတီထွင်သူတစ်ဦးဖြစ်တဲ့ Myanmar Metropolitan College ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နှင်းစိုးရဲ့ ဘဝဇာတ်ကြောင်းနဲ့ ရပ်တည်ချက်များကို POINT က တွေ့ဆုံမေးမြန်းကာ ဖော်ပြပေးခဲ့တာပဲ ဖြစ်ပါတယ်။

 

 

Insights

Leave a Reply

Your email address will not be published. Required fields are marked *