လူငယ်တွေကြား ရေပန်းစားနေတဲ့ ဆရာမိုးရှင်းရဲ့ ဖာရာရီလမ်းခွဲစာအုပ်လေးနဲ့ ထိတွေ့ခွင့်ပေးပါရစေ။

စာပေရပ်ဝန်းမှာ သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့ ဆိုတဲ့ စာအုပ်လေးနဲ့ စတင်သိကျွမ်းလာခဲ့ရပြီး အခုနောက်ဆုံး ထွက်ရှိထားတဲ့ ( ၄ ) အုပ်မြောက်စာအုပ်တစ်အုပ်ဖြစ်တဲ့ ဖာရာရီလမ်းခွဲစာအုပ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။

ဆရာမိုးရှင်းဆို လူငယ်ထုကြားထဲမှာ နာမည်အခိုင်အမာရရှိထားတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ ထွက်ရှိသမျှ စာအုပ်တိုင်းကလည်း Bestseller စာရင်းဝင်ခဲ့ပါတယ်။

အခု နောက်ဆုံးထွက်ရှိထားတဲ့ စာအုပ်လေးဟာ မူရင်း စာရေးဆရာ Robin Sharma ရေးသားထားတဲ့ The Monk Who Sold His Ferrari ကို ဘာသာပြန်ထားတာဖြစ်ပါတယ်။ ဆရာမိုးရှင်းကတော့ ဖာရာရီလမ်းခွဲဆိုပြီး ဘာသာပြန်ထားတာကို တွေ့ရပါတယ်။

ဒီစာအုပ်လေးက ဘာအကြောင်းကို ပြောပြထားတာလဲ။ ဘာကြောင့် လူငယ်၊လူကြီး၊ လူရွယ်မရွေးဖတ်သင့်တယ်လို့ ညွှန်းဆိုထားရတာလဲ။ ဘာလို ထူးခြားချက်တွေ၊ အတွေးအခေါ်တွေ စိမ့်ဝင်နေသလဲ။ ဘာကြောင့်များ Bestseller ဝင်ခဲ့ရတာလဲ ဆိုတာ ကျွန်တော်အနည်းငယ် ပြောပြချင်ပါတယ်။

ဒီစာအုပ်လေးထဲမှာဆို ” ဥယျာဉ် ၊ မီးပြတိုက် ၊ ဆူမိုနပန်းသမား ၊ ဝိုင်ယာကြိုး ၊ အချိန်မှတ်နာရီ ၊ နှင်းဆီပန်းများ ၊ စိန်ခင်းထားတဲ့လမ်း ” တို့နဲ့ ဥပမာပေး ခိုင်းနှိုင်းပြီး ရှင်းလင်းပြထားတာကို တွေ့ရပါတယ်။ ကျွန်တော် အကြိုက်ဆုံး ဥပမာပေး ခိုင်းနှိုင်းထားတာလေးတွေဆိုလည်း မမှားပါဘူး။ ဒါကြောင့် ဖတ်မိတာလေးတွေ ပြန်လည်ဝေမျှပေးချင်တာပါ။

ဥယျာဉ်ကို ခိုင်းနှိုင်းသွားပုံလေးက သင့်ဘဝရဲ့ ကောင်းခြင်း၊ဆိုးခြင်းဟာ သင့်အတွေးနဲ့ တိုက်ရိုက်ပတ်သတ်နေပါတယ်လို့ ရှင်းပြသွားပါတယ်။ မှားတယ်လို့ မတွေးပဲ ဘဝပေးသင်ခန်းစာတွေပဲလို့ တွေးပါ။ အခက်အခဲတွေဆိုတာ အခွင့်အလမ်းတွေပဲလို့ မြင်ပါ ကျော်ဖြတ်လိုက်ပါ ဆိုပြီး ဖော်ပြထားတာကို တွေ့ရပါတယ်။

နောက်တစ်ခုက မီးပြတိုက်ကို ခိုင်းနှိုင်းသွားပုံလေးက အဓိပ္ပာယ်ရှိတဲ့ ဘဝဆိုတာ ရည်ရွယ်ချက်၊ ပန်းတိုင်၊ မျှော်မှန်းချက်၊ စိန်ခေါ်မှုတွေနဲ့ ပြည့်နက်နေတဲ့ ဘဝကို ဆိုလိုတာလို့ဆိုထားပါတယ်။ ကိုယ့်ဘဝရဲ့ ပန်းတိုင်ကို အကောင်အထည်ဖော်နိုင်တာ၊ ရည်မှန်းချက် ပြည့်ဝအောင် လုပ်ဆောင်တာတွေဟာ အဓိပ္ပာယ်ပြည့်ဝတဲ့ ဘဝလို့ ဆိုပါတယ်။ စိတ်ကျေနပ်စရာကောင်းတဲ့ ဘဝတစ်ခုလို့ ညွှန်းဆိုထားပါတယ်။

နောက်ထပ်တစ်ခုက အချိန်မှတ်နာရီ ဆိုတဲ့ ဥပမာလေးပဲ ဖြစ်ပါတယ်။ ဒါကရိုးရှင်းပါတယ်။ ဘဝရဲ့ အောင်မြင်မှု ၈၀ ရာခိုင်နှုန်းက သင့်အချိန်ကို ကုန်စေတဲ့ သင့်လုပ်ရပ် ၂၀ ရာခိုင်နှုန်းကနေ ဖြစ်ပေါ်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ ၂၀ ရာခိုင်နှုန်းက ဘဝအတွက် အရေးကြီးတဲ့ လုပ်ရပ်လို့ ခေါ်ပါတယ်လို့လဲ ပြောပြသွားခဲ့ပါတယ်။

ကျွန်တော့်အတွက် ဒီစာအုပ်ရဲ့ ထူးခြားချက်လေးက အဓိကဇာတ်ကောင် နှစ်ယောက်ဖြစ်တဲ့ ဂျူလီယန်ပြောတဲ့ အချက်တွေမှာ နားမလည်တာတွေကို ဂျွန်က ပြန်ပြန်မေးထားတဲ့ အမေးအဖြေပုံစံလေးဟာ စာဖတ်သူတွေအတွက် ခံစားမှုအသစ်ကို ခံစားရစေပါတယ်။ ကိုယ်ပြန်မေးချင်တာတွေကို ဂျွန်ကပြန်မေးနေသလို ခံစားရပါတယ်။ နောက်ပြီး The Secret Think And Grow Rich စတဲ့ နာမည်ကျော်စာအုပ်တွေထဲက အသိပညာတွေ ထည့်သွင်းထားတာကိုလည်း တွေ့ရပါတယ်။

ဝီလီယံဂျိမ်းစ် ပြောဖူးတဲ့ စကားတစ်ခွန်းကို ကြားလိုက်ရတော့ စာအုပ်ထဲကပြောထားတဲ့ အကြောင်းအရာလေးကို သတိရလာခဲ့တယ်။ သူ့စာသားလေးကို အနှစ်ချုပ်ရမယ်ဆို ကျွန်တော်တို့ လူသားတွေဟာ ပျော်လို့ ရယ်ကြတာ မဟုတ်ဘူး။ ရယ်လို့ ပျော်ကြတာပဲ ဖြစ်တယ် ဆိုတာကို နားလည်ခဲ့တယ်။

ဒါကြောင့်လည်း Bestseller ဝင်ခဲ့တယ်ထင်ပါတယ်။ ဖတ်ကြည့်ပါ။ ပြောင်းလဲခြင်စိတ်ရှိတဲ့ လူတစ်ယောက်အတွက်တော့ ခွန်အားဖြစ်စေမယ်ထင်ပါတယ်။ လူတိုင်းကလည်း ပြောင်းလဲခြင်ကြသူတွေပဲ မလား။

Current, Education

Leave a Reply

Your email address will not be published. Required fields are marked *