နှစ်သစ်မှာ လူသစ် စိတ်သစ်နဲ့ ပန်းတိုင်အသစ်တွေချမှတ်ကြရအောင်

ဦးဆုံးမေးချင်တာကတော့ နှစ်သစ်ကူးပိတ်ရက်မှာ စိတ်တိုင်းကျ လတ်လွတ်လပ်လပ် ပျော်ခဲ့ရဲ့လား။ လူတိုင်းအားလုံး ပျော်ခဲ့ကြမယ်ထင်ပါတယ်။ ကျွန်တော်တို့အားလုံး နှစ်ဟောင်းကို နှုတ်ဆက်ပြီး နှစ်သစ်ကိုလည်း ကြိုဆိုခဲ့ကြပြီးပြီ။ ဒါကြောင့် နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ လတ်ဆတ်တဲ့ စိတ်ကူးအသစ်တွေ သယ်ဆောင်လာပြီး ကိုယ့်ကိုယ်ကိုယ် အသစ်တစ်ဖန် ပြန်လည်မွေးဖွားလိုက်ရအောင်။

ပြောရရင် ကိုယ့်ကိုယ်ကိုယ် ဗားရှင်းအသစ် ထပ်တင်လိုက်သလိုပေါ့။ နှစ်သစ်ကူးပိတ်ရက်ဟာ ကျောင်းသားတွေ ရုံးအလုပ်သမားတွေ အားလုံးရဲ့ ပိတ်ရက်ရှည်လည်း ဖြစ်တယ်။ ဒါကြောင့် အခုလိုပိတ်ရက်ရှည်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်တာတွေ၊ ဝေဖန် ဆန်းစစ်တာတွေ၊ အကျင့်ဆိုးတွေ ပြန်လည်ပြုပြင်တာတွေကို လုပ်ဆောင်ဖို့ အချိန်တစ်ခု ပေးလိုက်သလိုပါပဲ။

ကျောင်းသားတွေဆိုလည်း ဦးနှောက်ကို အနားပေးလိုက်ရတာကြောင့် ကိုယ့်ကျောင်းစာမှာ ပိုပြီး အာရုံစူးစိုက်လာနိုင်သလို ရုံးသမားတွေ ဝန်ထမ်းတွေအတွက်လည်း ကိုယ့်လုပ်ငန်းခွင်အတွက် အတွေးအခေါ်သစ်တွေ၊ စိတ်ကူးစိတ်သန်းကောင်းတွေ၊ မြန်ဆန်ထိရောက်မယ့် နည်းဗျူဟာတွေ ယူဆောင်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ကျွန်တော်တို့နှစ်သစ်မှာ ဘယ်လို သန္နိဋ္ဌဌာန်တွေ ချမှတ်မလဲ။ ဘယ်လိုစိန်ခေါ်မှုအသစ်တွေကို လက်ခံဖြေရှင်းမလဲ။ ဘယ်လို အစီအစဉ်သစ်တွေ အကောင်အထည်ဖော်မလဲ။ အခက်အခဲတွေကို ဘယ်လိုဖြတ်သန်းမလဲ စတဲ့ မေးခွန်းတွေ ကိုယ့်ကိုယ်ကိုယ်ပြန်မေးလိုက်ရအောင်။ပထမဆုံးအချက်အနေနဲ့ ကိုယ့်ရဲ့အကျင့်ဆိုးတွေကို ပြင်ပါ။ Comfort Zone အတွင်းက ထွက်ပါ။

လူတွေရဲ့အားနည်းချက်က တစ်ခုခုကိုလုပ်ဆောင်ဖို့ အချိန်ဆွဲနေတာတွေပဲဖြစ်တယ်။ အကြောင်းအကျိုးမခိုင်လုံတဲ့ ဆင်ခြေဆင်လက်တွေပေးပြီး လေထဲတိုက်အိမ်ဆောက်တာတွေ ရပ်တန်းကရပ်လိုက်ပါ။ ဒါကဆုတ်ယုတ်ခြင်းကို ပြနေတဲ့ သင်္ကတတွေပဲဖြစ်တယ်။ နှစ်ဟောင်းမှာထားခဲ့ပြီး နှစ်သစ်ကို ပါမလာပါစေနဲ့။

နှစ်သစ်မှာ ကိုယ်လုပ်ဆောင်မယ့် ပန်းတိုင်တွေ ချမှတ်ပြီး ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် ပြုပြင်ပြောင်းလဲပါ။ လစဉ် ပန်းတိုင်ငယ်တွေ ချမှတ်ပြီး အကောင်းဆုံး လုပ်ဆောင်ပါ။ ဒါက ငါ့ဘဝတက်လမ်းအတွက် လုပ်ဆောင်တာလို့တွေးပြီး လုပ်ဆောင်ပါ။ တစ်နှစ်ပြီးတစ်နှစ် ကိုယ့် ကိုယ်ရည်ကိုယ်သွေး တိုးတက်အောင်ကြိုးစားပါလို့ အကြံပြုပါရစေ။

ဒါ့အပြင် ချမှတ်ထားတဲ့ပန်းတိုင်အတွက် လိုအပ်တဲ့ ပြင်ဆင်ချက်တွေကို ကြိုတင်ပြင်ဆင်ထားပါ။ ဘယ်လိုအရာကိုပဲ လုပ်ဆောင်ပါစေ၊ ကြိုတင်ပြင်ဆင်တယ်ဆိုတာ အမှားကင်းပြီး ယုံကြည်မှုတိုးစေပါတယ်။နောက်တစ်ချက်အနေနဲ့ ကိုယ်လျှောက်နေတဲ့ လမ်းကြောင်းမှာ တွေ့ရမယ့် အခက်အခဲတွေကို သိရှိ မျှော်လင့်တားဖို့ လိုပါတယ်။ ရင်ဆိုင်ရမယ့် အခက်အခဲတွေအတွက် ဖြေရှင်းရမယ့် အဖြေတွေ၊ နည်းလမ်း တွေလည်း စဉ်းစားထားပါ။

ကိုယ်ရွေးချယ်ချင်တဲ့ စိန်ခေါ်မှုကိုတော့ ကိုယ်ရင်ဆိုင်ရမှာပဲလေ။လူတိုင်းဟာ အမှားကင်းတဲ့လူဆိုတာ မရှိပါ။ အရာအားလုံး ပြည့်စုံတဲ့သူ၊ ဘက်စုံတော်နေတဲ့သူမရှိပါ။ ဒါက ဘဝရဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။ လူတိုင်းမှာတစ်ခုမဟုတ်တစ်ခု ချွတ်ယွင်းချက် အားနည်းချက်ဆိုတာ ရှိစမြဲပါ။ အောင်မြင်မှုအတွက် ဝမ်းသာဂုဏ်ယူရသလို ကျရှုံးမှုကိုလည်း လက်ခံနိုင်အောင် ပြင်ဆင်ထားပါ။

ထို့ပြင် ကိုယ်တစ်ခုခုကို လုပ်ဆောင်ပြီးတိုင်း အားပေးပါ။ ငါ တစ်ခုတော့ ဆုံးခန်းတိုင်အောင် လုပ်ဆောင်နိုင်ပြီလို့ ပြောပါ။ ငါလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ထားပါ။ ဒါကလည်း မရှိမဖြစ်လိုအပ်တဲ့ ခွန်အားပါပဲ။နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ မာတင်လူသားကင် ပြောတဲ့စကာလေးအတိုင်း မပျံနိုင်ရင်ပြေးပါ၊ မပြေးနိုင်ရင် လမ်းလျှောက်ပါ၊ မလျှောက်နိုင်ရင် တွားသွားပါ၊

ဒါပေမယ့် မင်း ဘာပဲလုပ်လုပ် ရှေ့ဆက်လျှောက်ပါ လို့ အားပေးလိုက်ပါရစေ။ အောင်မြင်မှုပဲဖြစ်ဖြစ် ကျရှုံးမှုပဲဖြစ်ဖြစ် မတုန်လှုပ်ဘဲ အကောင်းဆုံး ရင်ဆိုင် ကျော်လွှားလိုက်ပါ။ ဒါမှ ဒီနှစ် ကိုယ်လုပ်ဆောင်ခဲ့တဲ့အရာတွေအတွက် နောက်နှစ်မှာ ကျေနပ်ပီတိ ဖြစ်စေမှာပါလို့ ပြောလိုက်ပါရစေ။

Career, Current

Leave a Reply

Your email address will not be published. Required fields are marked *