ပျော်ရွှင်မှုနောက်ကို လိုက်နေလို့ ပျော်လာမှာ မဟုတ်ပါ


ပျော်ရွှင်မှုကို ဘဝရဲ့အရေးပါဆုံးအရာလို့ မှတ်ယူပြီး အဲဒီနောက်ကို လိုက်နေမယ်ဆိုရင် ဘဝရဲ့အရေးပါတဲ့ တခြားအရာတွေကို လစ်လျူရှုသလိုဖြစ်နိုင်တာကြောင့် ပျော်ရွှင်မှုနဲ့ ပိုဝေးသွားတတ်ပါတယ်။ ဒါဆို ပျော်ရွှင်မှုဆိုတာ ဘာလဲ။ ဝမ်းနည်းမှုကို သဘောပေါက်မှသာ ပျော်စရာဆိုတာကို နားလည်နိုင်မှာပါ။ လူတိုင်း ပြီးပြည့်စုံတဲ့ဘဝကို လိုချင်ကြတာ သဘာဝပါ။ ဒါပေမယ့် ဘဝမှာ အမြဲတမ်း ပျော်ရွှင်နေဖို့ မဖြစ်နိုင်ပါဘူး။ ဒါကို မြင်အောင် ကြည့်တတ်ရပါမယ်။ အမှန်တော့ ချမ်းသာ ဆင်းရဲမဟူ ဘယ်သူမဆို ဘဝမှာ ပြဿနာပေါင်းစုံ ရင်ဆိုင်နေကြရတာပါ။ ဒါကြောင့် စိတ်မှာခံစားနေရတဲ့ ပူးဆွေးဝမ်းနည်းမှုကို သဘောပေါက် လက်ခံလာနိုင်အောင် လက်တွေ့ကျကျ လေ့ကျင့်ယူနိုင်မှသာ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရနိုင်မှာပါ။ ဒါကြောင့် ပျော်ရွှင်မှုနောက်ကို လိုက်မနေဘဲ ဘဝမှာ လက်တွေ့ကျကျနေထိုင်ပြီး ပျော်ရွှင်နိုင်မယ့် နည်းလမ်းလေးတွေကို လေ့လာကြည့်လိုက်ရအောင်။

(၁) ပျော်ရွှင်ဖို့ကြိုးစားနေတာတွေ ရပ်လိုက်ပါ

အတော်များများက ပြီးပြည့်စုံတဲ့ဘဝကို ပျော်ရွှင်မှုလို့ယုံကြည်ပြီး အမြဲတမ်းရဖို့ ကြိုးစားနေတာ လက်တွေ့ မကျပါဘူး။ ဒီယုံကြည်ချက်ကို စွန့်လွှတ်ခြင်းဟာ ပျော်ရွှင်မှုပါ။ အမြဲတမ်း ပြီးပြည့်စုံနေမယ်ဆိုရင် ဘဝမှာ ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် မဖြစ်လာနိုင်တော့ပါဘူး။

(၂) ထာဝရပျော်ရွှင်ရမယ်ဆိုတဲ့ ယုံကြည်ချက်ကို ရပ်တန့်လိုက်ပါ

ဘဝဆိုမှာ အတက် အကျ အမြဲရှိနေတာကို လက်ခံပါ။ ဒါကြောင့် အမြဲတမ်းပျော်ရွှင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စစ်မှန်တဲ့ နားလည်မှုဆိုတာ အကောင်း အဆိုး နှစ်မျိုးလုံးကို လက်ခံနိုင်ခြင်းပါ။ ကျေးဇူးတရားရဲ့ အရေးကြီးပုံကို လည်း နားလည်ပေးပါ။

(၃) ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှု ဒွန်တွဲနေတယ်ဆိုတာကို လက်ခံလိုက်ပါ

ဝမ်းနည်းမှုမရှိရင် ပျော်ရွှင်မှု မရှိနိုင်ပါဘူး။ တကယ်တော့ ပျော်ရွှင်မှုဆိုတာ ဝမ်းနည်းမှုက အစပြုတာပါ။ ဘဝမှာ ဝမ်းနည်းမှုနောက်က ကပ်လိုက်လာတာက ပျော်ရွှင်မှုပါ။ ခက်ခဲကြမ်းတမ်းမှုတွေ ကြုံရလို့ စိတ်မပျက်ပါနဲ့။ နောက်ပြီး ဝမ်းနည်းမှုနဲ့ အဆိုးမြင်စိတ်ကို အတင်းမေ့ဖျောက်ပြီး ပျော်ရွှင်မှုရအောင် စိတ်ကိုတင်းပြီး မကြိုးစားပါနဲ့။ စိတ်အေးအေးထားပြီး လုပ်သင့်တာကို စဉ်းစားပါ။ အခက်အခဲဆိုတာ ကိုယ်ရည်ကိုယ်သွေးတက်အောင် လေ့ကျင့်ပေးတဲ့ အရာပါ။ ဒါကြောင့် အခက်အခဲတွေ့လို့ လမ်းပျောက်မသွားပါနဲ့။ ရှောင်လွှဲဖို့လည်း မကြိုးစားပါနဲ့။ ရင်ဆိုင်ကျော်ဖြတ်လိုက်ပါ။ မဖြစ်မနေရင်ဆိုင်ရမယ်လို့ စဉ်းစားပြီး ကိုယ်ဖြစ်ချင် တာကို ဦးစားမပေးဘဲ ရင်ဆိုင်လိုက်ပါ။ ဒါဆိုရင် တင်းတိမ်ရောင့်ရဲစိတ်ကိုလည်း မွေးမြူလာနိုင်ပါ လိမ့်မယ်။ ဒါက တကယ့်ပျော်ရွှင်မှုအစစ်ပါ။

 


ရွှေရည်

Current

Leave a Reply

Your email address will not be published. Required fields are marked *