သူငယ်ချင်းကောင်းဆိုတာ

ကိုယ့်မှာ သူငယ်ချင်းတွေဘယ်လောက်ရှိသလဲဆိုတာကို အတိအကျသိဖို့ ခက်ခဲမှာပါ။ ထင်ထားတဲ့အရေ အတွက် ထက်ပိုများနေတတ်သလို နည်းလည်းနည်းတတ်ပါတယ်။ ပုံမှန်နေရင်တော့ အများစုက ကောင်းတဲ့ သူတွေလို့ ထင်ရပါတယ်။ ဒါကလည်း အကျွမ်းတဝင်ဖြစ်တာကို မူတည်ပြီး ဆုံးဖြတ်တာကြောင့်ပါ။ ဒါပေမယ့် ဒီသူငယ်ချင်းတွေထဲမှာ ကိုယ့်အတွက် သူငယ်ချင်းကောင်းလို့ ယုံကြည်ရတဲ့သူတွေ အလွန်နည်းပါတယ်။

ဒါဆိုရင် သူငယ်ချင်းကောင်းဆိုတာကို ဘယ်လိုဒီနဲ့ သတ်မှတ်ကြမလဲဆိုတာကတော့ အယူအဆ ကွဲပြားပါ တယ်။ အများစာကတော့ ကိုယ်နဲ့ရင်းနှီးသူတွေဟာ သူငယ်ချင်းကောင်းလို့ ယူဆတတ်ပါတယ်။ ဒါပေမဲ့ သူငယ်ချင်းကောင်းဆိုတာ အရေးကြုံလာရင် အားကိုးလောက်အောင် ကိုယ့်ဘက်က ရပ်တည်ပေးနိုင် တဲ့သူကို ပြောတာပါ။

သာမန်အချိန်မှာတော့ သူငယ်ချင်းကောင်းဆိုတဲ့ အဓိပ္ပာယ်ကို မသိနိုင်ပါဘူး။ အကြောင်းက ဆက်ဆံ ရေး ကောင်းအောင် ဟန်ဆောင်နေကြတာ များလို့ပါ။ ဒီလိုပြောလို့လည်း သူများတွေကို သံသယနဲ့ ဆက်ဆံတာတော့ မဟုတ်ပါဘူး။ အရေးကြီးတာက အခက်အခဲတစ်ခုခုကြုံလာရင် ကိုယ့်နေရာကနေ ကိုယ်ချင်း စာပြီး စဉ်းစားပေးပြီး ကူညီသူကို သူငယ်ချင်းကောင်းလို့ ယူဆနိုင်ပါတယ်။ ဒီလိုကိစ္စတွေမှာ ငွေကြေး အထောက်အပံ့ပေးတာ၊ ကိုယ်ထိလက်ရောက် ကူညီတာမျိုးကိုပဲ မဆိုလိုပါဘူး။ အနည်းဆုံး ကိုယ့်ခံစား ချက်ကို မငြီးမငြူ အချိန်ယူနားထောင်ပေးတာနဲ့တင် ဆုံးဖြတ်လို့ရပါတယ်။

တစ်ခါတလေ မထင်မှတ်တဲ့သူတွေဟာ သူငယ်ချင်းကောင်းရဲ့ စရိတ်လက္ခဏာနဲ့ ကိုက်ညီနေတာတွေကိုလည်း သိလာရပါတယ်။ အဲဒီလိုဖြစ်လာတာက ကိုယ့်အတွက် အမြတ်ပါ။ ကိုယ်နဲ့စရိုက်လက္ခဏာမတူပေမယ့်လည်း အကျဉ်းအကျပ်ထဲရောက်လာမှ သူတို့အကြောင်းကို မထင်မှတ်ဘဲ သိလိုက်ရပြီး အားကိုးရတဲ့သူငယ်ချင်း ကောင်းဆိုတာကို နားလည်မိတဲ့ သာဓကတွေလည်း အများကြီးပါ။

ကိုယ့်ကို သစ္စာရှိတဲ့အချက်နဲ့တော့ အများက တိုင်းတာတတ်ကြပါတယ်။ ဒါကလည်း ယေဘုယျ မှန်တဲ့ကိစ္စပါ။ ဒါပေမယ့် တစ်ချို့ကတော့ ကိစ္စတစ်ခုခုမှာ ကိုယ့်အမှားကိုထောက်ပြပြီး အမှန်အတိုင်းဝေဖန်တတ်တဲ့ သူငယ် ချင်းကို ကိုယ့်ကိုသစ္စာမရှိဘူးလို့ မြင်တတ်ပါတယ်။ အမှန်တော့ သစ္စာရှိတဲ့သူငယ်ချင်းဆိုတာဟာ ကိုယ့်အမှား ကို မှားနေကြောင်း အားမနာတမ်းပြောတတ်တဲ့သူပါ။ ဒါကိုတော့ ကွဲကွဲပြားပြား နားလည်တတ်ဖို့ လိုပါတယ်။

ရိုးသားတာတစ်ခုထဲနဲ့လည်း သူငယ်ချင်းကောင်းလို့ မသတ်မှတ်မိပါစေနဲ့။ ဘာကြောင့်လည်းဆိုတော့ သူမရိုးသားတာကို မကြုံသေးလို့ပါ။ သတိပြုရမယ့် နောက်တစ်ချက်က အပြောထက် အလုပ်နဲ့ သက်သေ ပြတတ်တဲ့သူငယ်ချင်းတွေပါ။ သူငယ်ချင်းအများစုက ကတိပေးလွယ်တတ်ကြပြီး တကယ်တမ်းကူညီဖို့တော့ တုန့်နှေးနေတတ်ကြပါတယ်။ ဒါဆိုရင် ဒီလိုသူတွေဟာ သူငယ်ချင်းကောင်း ဟုတ် မဟုုတ်ကို ဆုံးဖြတ်လို့ ရပါတယ်။ ဒါပေမယ့် အမြဲတမ်းကိုယ့်ကို ကူညီနေရမယ်လို့တော့ တရားသေမမှတ်ယူမိပါစေနဲ့။ ကိုယ်အကူအညီ လိုနေချိန်မှာ သူက ကူညီပေးနိုင်တဲ့အခြေအနေ ရှိချင်မှရှိမှာမို့လို့ပါ။ ဒါကို နားလည်ပေးပါ။ ဒီလိုနားလည်ပေးနိုင် ရင် ကိုယ်တိုင်လည်း သူငယ်ချင်းကောင်းဆိုတဲ့ လက္ခဏာနဲ့ ကိုက်ညီသွားပါတယ်။

ဒါကြောင့် သူငယ်ချင်း ဟုတ်၊ မဟုတ် လိုက်ပြီး ဆုံးဖြတ်နေမယ့်အစား ကိုယ်တိုင်က သူများကို မလိုအပ်ဘဲ အနှောက်အယှက် မပေးမိအောင် ဆင်ခြင်နေထိုင်တတ်တာက လက်တွေ့ပိုကျပါတယ်။ ကိုယ့်ရဲ့ အနေအထိုင်၊ အပြုအမူ၊ အပြောအဆိုတွေကို သူငယ်ချင်းတွေနဲ့ တွေ့တိုင်း သူတို့ကို မလိုအပ်ဘဲ စိတ်အနှောက်အယှက် မပေးမိအောင် တတ်နိုင်သလောက် ဆင်ခြင်ပေးပါ။ ဒါဆိုရင် သူငယ်ချင်း ကောင်းဆိုတာ ဘယ်လိုလဲဆိုတာကို ပိုပြီး သဘောပေါက်လာပါလိမ့်မယ်။

By Shwe Yi

Current

Leave a Reply

Your email address will not be published. Required fields are marked *