အောင်မြင်ဖို့ ကိုယ့်ကိုယ်ကို စီမံခန့်ခွဲပါ

#POINT #PointYouthPlatform

အောင်မြင်မှုဆိုတာက ကိုယ့်ကိုယ်ကို စီမံခန့်ခွဲနိုင်မှုနဲ့ စတင်ပါတယ်။ စစ်မှန်တဲ့အောင်မြင်ပျော်ရွှင်မှုကို ရစေနိုင်ဖို့ ကိုယ့်ကိုယ်ကို စီမံခန့်ခွဲမှုအရည်အချင်း တိုးတက်ဖို့လိုအပ်ပါတယ်။
ကမ္ဘာ့အတော်ဆုံးခေါင်းဆောင်တွေက ကိုယ့်ကိုယ်ကို စီမံခန့်ခွဲမှုအရည်အချင်းမှာ ကျွမ်းကျင်သူများဖြစ်ကြပါတယ်။ တခြားသူတွေကို တာဝန်ယူအုပ်ချုပ်နေသူတစ်ဦးက တခြားသူတွေကို မအုပ်ချုပ်ခင်မှာ ကိုယ့်ကိုယ်ကို အရင်ဆုံး အုပ်ချုပ်နိုင်ရပါမယ်။
အောက်မှာဖော်ပြထားတဲ့ ကိုယ့်ကိုယ်ကိုစီမံခန့်ခွဲမှုအရည်အချင်းငါးချက်ကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်မယ်ဆိုရင် မင်းကအောင်မြင်ပျော်ရွှင်တဲ့ ဘဝလမ်းကြောင်းပေါ်ကို ရောက်နေပါပြီ။
၁။ အကောင်းမြင်စိတ် ထားရှိပါ။
မင်းကတော့ စစ်မှန်တဲ့အကောင်းမြင်စိတ်ကို အတုလုပ်လို့မရနိုင်ပါဘူး။ အကောင်းမြင်စိတ်ဆိုတာက အပြင်ဘက်မှာ မြင်တွေ့နိုင်ဖို့ အတွင်းကနေ ရောက်လာရတာပါ။
အကောင်းမြင်စိတ်တိုးတက်စေဖို့ ပထမဆုံးအချက်က ပန်းတိုင်ကြီး ပန်းတိုင်ငယ်များ ထားရှိပါ။ အကောင်းမြင်စိတ်နဲ့ ပန်းတိုင်တွေကို ရောက်ရှိနိုင်အောင် ကိုယ့်ကိုယ်ကို လှုံ့ဆော်ပေးပါ။ မင်းစိတ်ထဲမှာ အဆိုးမြင်စိတ်တွေ ဖယ်လိုက်ပါ။ မင်းရဲ့ပန်းတိုင်တွေ ပြီးမြောက်သွားတာနဲ့ တစ်ခဏချင်းနဲ့ ကြီးထွားလာတာကို စပြီးတော့ မြင်လာရတော့မှာပါ။
အဆုံးသတ်ပန်းတိုင်တွေကို စောင့်ကြည့်ထားပြီး နေ့တိုင်း တစ်ဆင့်ပြီးတစ်ဆင့် နီးကပ်လာအောင် တစ်ခုခုလုပ်ပါ။ ကိုယ့်ကိုယ်ကို အရမ်းပြင်းပြင်းထန်ထန်မလုပ်ပါနဲ့။ မင်းရဲ့အောင်မြင်မှုကို အမြဲတမ်းအသိအမှတ်ပြုပါ။ စစ်မှန်တဲ့အကောင်းမြင်စိတ်ဆိုတာက ကူးစက်ပြန့်ပွားနိုင်ပါတယ်။ အကောင်းမြင်စိတ်ကို မင်းရဲ့ဘေးပတ်ဝန်းကျင်မှာ ရှိနေပါစေ။ အိမ်မှာရော အလုပ်မှာရော အကောင်းမြင်စိတ်ရှိတဲ့ ပတ်ဝန်းကျင်တစ်ခုကို တည်ထောင်ပါ။
၂။ ကိုယ့်ကိုယ်ကို သုံးသပ်နိုင်စွမ်း ရှိပါစေ။
ကိုယ့်အပြုအမူတွေရဲ့ အကျိုးဆက်ကို နားလည်ထားဖို့ကလဲ ရှိရမယ့် အရေးကြိးတဲ့ ကျွမ်းကျင်မှုတစ်ခုပါပဲ။ သူတို့ရဲ့အပြုအမူတွေကို လုံးဝသတိမထားမိတဲ့လူတစ်ချို့လဲ ရှိနေကြပါတယ်။ သူတို့ဘာကြောင့်ဒါကိုလုပ်ရတယ် တခြားသူတွေအပေါ်မှာ ဘာတွေသက်ရောက်မှုရှိလဲဆိုတာတွေကို သူတို့မသိကြပါဘူး။
ရှုထောင့်တစ်ခုကနေ မင်းကိုယ်မင်းကြည့်တတ်အောင် သင်ယူထားပါ။ ကိုယ်ဟာ ကိုယ့်ရဲ့မန်နေဂျာတစ်ယောက် ဖြစ်နေပါစေ။ မင်းကိုအကဲဖြတ်ဖို့ တခြားသူတွေကို တောင်းဆိုပါ။ ပထမတော့ မင်းကြားချင်တဲ့အရာတွေကို မကြားရဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခုခံကာကွယ်နေမယ့်အစား ဒါကိုပြုပြင်နိုင်ဖို့ စစ်မှန်တဲ့အားထုတ်မှုကို ပြုလုပ်ပါ။
ကိုယ့်ကိုယ်ကို သုံးသပ်နိုင်စွမ်း ဆိုတာက တန်ဖိုးရှိတဲ့ ကျွမ်းကျင်မှုစကေးတစ်ခုပါပဲ။ ဒါကိုအစစ်အမှန်ရနိုင်စေဖို့ အားထုတ်ဖို့က နှစ်ပေါင်းများစွာ ကြာပါတယ်။ ဒါကြောင့် ဒီနေ့ပဲ ဒါကိုစလုပ်လိုက်ရအောင်။


၃။ စိတ်ဖိစီးမှု ကင်းအောင်နေပါ။
စိတ်ဖိစီးမှုက ဘဝတွေကို ဖျက်ဆီးနိုင်ပါတယ်။ မင်းက မြေမှုန်နည်းနည်းလေးကနေ တောင်ဖြစ်အောင် လုပ်ဖို့ရည်ရွယ်ထားသူဆိုရင် စောစောအားကုန်မယ့် လမ်းကြောင်းကို မြန်မြန်ရောက်သွားမှာပါ။ ဒါပေမယ့် စိတ်မဖိစီးပါနဲ့။ ဖြေရှင်းချက်ဆိုတာ အမြဲတမ်းရှိပါတယ်။
ထိရောက်တဲ့စိတ်ဖိစီးမှုဖြေဖျောက်တဲ့နည်းလမ်းတွေက မင်းရဲ့ဘဝမှာ အဆိုးမြင်တဲ့နည်းလမ်းနဲ့ တုန့်ပြန်တာထက် ဘဝမှာ ဖြစ်ပေါ်လာမယ့်အရာတွေကို ဖန်တီးယူလိုက်နိုင်စေပါတယ်။
ဒေါသပေါက်ကွဲတာတို့လို စိတ်လိုက်မာန်ပါအပြုအမူတွေကို ဖြစ်လာစေတဲ့အားအင်က အရင်ကထက်ပိုမြင့်မားတဲ့နေရာကို ရောက်နိုင်စေဖို့ မင်းကို စိတ်ဓာတ်တက်ကြွစေဖို့ အသုံးပြုနိုင်တဲ့ အားအင်နဲ့အတူတူပါပဲ။ တစ်ခုခုက မင်းကိုစိတ်ဖိစီးလာစေပြီဆိုရင် ဒါမှမဟုတ် မင်းကိုဒေါသတွေထွက်လာစေပြီဆိုရင် ဒါကို စိတ်ဓာတ်တက်ကြွမှုအဖြစ်နဲ့ အသုံးပြုလိုက်ပါ။
စိတ်ဖိစီးမှုကိုစီမံခန့်ခွဲခြင်းရဲ့အဓိကသော့ချက်က အစပိုင်းတုန့်ပြန်မှုကြန့်ကြာခြင်းနဲ့ ဒီအခြေအနေကို ထိရောက်စွာ ဖြေရှင်းနိုင်ဖို့တွေးတောရခြင်းပဲဖြစ်ပါတယ်။ အသက်ပြင်းပြင်းရှူပြီးတော့ စိတ်အေးအေးထား တွေးဖို့ အချိန်ယူလိုက်ပါ။ ပြီးရင် ဘယ်လိုရှေ့ဆက်သွားရမလဲဆိုတဲ့ မှန်ကန်တဲ့ရွေးချယ်မှုကို ပြုလုပ်ဖို့ ကောင်းမွန်တဲ့စိတ်အခြေအနေ ဖြစ်နေပါပြီ။
၄။ တာဝန်ယူပါ။
မင်းရဲ့လုပ်ဆောင်ချက်တွေအတွက် တာဝန်ယူခြင်းက စစ်မှန်တဲ့ကိုယ်ပိုင်စီမံခန့်ခွဲမှုအတွက် ခြေတစ်လှမ်းပဲဖြစ်ပါတယ်။ ကလေးဘဝထဲက ကျောင်းမှာ ကိုယ့်တာဝန်ကိုယူဖို့အတွက် သင်ယူခဲ့ရပါတယ်။ ဒါပေမယ့် အများစုကတော့ ဒီစကေးတွေကို သိပ်ပြီးတော့ မကျွမ်းကျင်ကြပါဘူး။
အရေးကြီးတဲ့တာဝန်တွေကို ဦးစားပေးပါ။ တာဝန်တွေကို ဂရုတစိုက်လုပ်ဆောင်ပါ။ အရေးကြီးဆုံးကတော့ ကိုယ်လုပ်တဲ့အမှားကို ကိုယ်လက်ခံပါ။ အမှားလုပ်မိတာက ပြသနာမဟုတ်ပါဘူး။ ဒါပေမယ့် အမှားကနေတစ်ခုခုကိုသင်ယူနိုင်ဖို့က အရေးကြီးပါတယ်။
တာဝန်တွေကို ပိုကြီးကြီးမားမားယူရတာက စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ခြင်းဆိုတာက မင်းရဲ့တာဝန်တွေကို ပိုကြီးမားလာအောင် လုပ်ဆောင်ရတာပါပဲ။ တာဝန်ယူလုပ်ဆောင်ပြီး မင်းကိုယ်မင်း တိုးတက်အောင် လုပ်ပါ။ တစ်ခုခုလွဲချော်သွားတဲ့အခါမှာ ဒါကိုလက်ခံပြီးတော့ ရှေ့ဆက်လျှောက်လှမ်းရမှာပါပဲ။
၅။ အားလပ်ချိန်တွေကို အကျိုးရှိအောင် အသုံးပြုပါ။
ကုန်ထုတ်စွမ်းအားကောင်းမွန်လာမှုအတွက် အကောင်းဆုံးလမ်းကြောင်းက မင်းရဲ့အားလပ်ချိန်တွေကို သေချာစီမံနိုင်ဖို့ပါပဲ။ တစ်နေ့ထဲမှာ အလုပ်တွေအများကြီးကိုလုပ်ရတော့မှာလား။ နားချိန်တွေကို သေချာစီမံထားပြီးတော့ ပျော်ပျော်နေလိုက်ပါ။ လာမည့်နှစ်အတွက် အနားယူနိုင်မယ့် ပိတ်ရက်တွေကို သေချာအချိန်ဇယားဆွဲထားပါ။
အချိန်တိုင်း ရာနှုန်းပြည့် အလုပ်လုပ်နိုင်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ အချိန်ကိုသေချာ စီမံခန့်ခွဲထားခြင်းက တစ်နေ့တာမှာ ထုတ်လုပ်မှုနှုန်းအများဆုံးကို ရနိုင်မယ့် အဓိကအချက်ပဲဖြစ်ပါတယ်။
အလုပ်လုပ်ဖို့အာရုံစူးစိုက်မှု မရှိဘူးဆိုရင် တာဝန်ကိုပြောင်းလုပ်ပြီးတော့မှ ပြန်လာခဲ့ပါ။ နံရံနဲ့ခေါင်းနဲ့တိုက်မနေပါနဲ့။ ဒါကဘယ်တော့မှ အလုပ်မဖြစ်ပါဘူး။
Translator – Su Mon

 

Current

Leave a Reply

Your email address will not be published. Required fields are marked *