လူငယ်နှင့် ကျင့်ဝတ်

ကျင့်ဝတ်ဆိုတဲ့ အဓိပ္ပာယ်ကို ဘယ်လိုနားလည်ထားပါသလဲ။

ကျွန်တော်ကတော့ စောင့်ထိန်းသင့်တဲ့အရာတွေကို စောင့်ထိန်းတာမျိုး ထင်မြင်မိပါတယ်။

လူဆိုတာက တစ်ဦးတည်းရပ်တည်နေလို့မရပါဘူး။ မိဘ၊ ညီအစ်ကို၊ မောင်နှမ၊ ဆရာသမား၊ သူငယ်ချင်းတွေက အစ ပတ်ဝန်းကျင်မှာ ရှိရှိသမျှ လူတွေနဲ့ ပေါင်းသင်းဆက်ဆံနေရမှာပါပဲ။ ပြောရရင် အဖွဲ့အစည်းနဲ့သာ နေထိုင်ရမှာပါ။

လူကြီးမိဘတစ်ယောက်နဲ့ ပြောဆိုတဲ့အခါ ဘယ်လိုပြောဆိုရမယ်။ ဘယ်လို သွားလာနေထိုင်သင့်တယ်။ ဘယ်လို စည်းကမ်းဥပဒေတွေကို လိုက်နာရမယ်ဆိုတာ အသက်ရှင်နေထိုင်သရွေ့ကာလပတ်လုံး သိထားသင့်တဲ့ ကျင့်ဝတ်တွေပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ လူငယ်တွေကစပြီး ကျင့်ဝတ်တွေကို လိုက်နာပါမှ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးတစ်ခု တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
ငယ်ငယ်က သင်ယူခဲ့ရတာတွေက သူများကို ချောက်ထဲမချရဘူး၊ မယုတ်မာရဘူး၊ မကောက်ကျစ်ရဘူး၊ လူလည်မကျရဘူး၊ ပါးစပ် စည်းရှိရမယ်၊ မှားရင်ဝန်ခံရဲရမယ်၊ သည်းခံတတ်ရမယ် စတဲ့ ကျင့်ဝတ်လေးတွေ စောင့်ထိန်းသင့်ပါတယ်။

မင်းအနေနဲ့ မေးစရာမေးခွန်းရှိမယ်ထင်ပါတယ်။ ကျွန်တော်တို့က အဲ့လို စောင့်ထိန်းပေမယ့် လူအတော်များများက အဲ့လိုမဟုတ်ဘူးလို့ စိတ်ထဲရေရွတ်မိနိုင်သလို ခံပြင်းမိတာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့ မှာလိုက်ပါရစေ။

  အမှိုက်မပစ်ရ ဆိုတဲ့ ဆိုင်းဘုတ်က အမှိုက်ပုံအောက်ရောက်လို့ရောက် ၊

  ပြည်သူပိုင် ပန်းခြံတွေ ၊အုတ်နံရံတွေမှာ စည်းမဲ့ကမ်းမဲ့ ကွမ်းတံထွေးတွေ ပေလို့ပေ၊

  လက်မှတ်ဝယ်ရင် တန်းစီရမယ်ဆိုတာ မသိနားမလည်၊

  အဘိုးအဘွားတွေ တက်လာရင် လူငယ်ပီပီ နေရာပေးရကောင်းမှန်းမသိ၊

  ယာဉ်မရပ်ဆိုတဲ့ နေရာမှာမှ ယာဉ်အတန်းလိုက်တန်းစီလို့၊

  ကျောင်းပတ်ဝန်းကျင်မှာ ဟွန်းမတီးရဆိုပေမယ့် ဟွန်းသံညံလို့ ။

တစ်ဖြေးဖြေးနဲ့ အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစားနဲ့ အကျင့်ပျက်နေလိုက်ကြတာ ဘယ်အချိန်ထိ ဒီလို စခန်းသွားကြမလဲ မတွေးရဲလောက်အောင်ပါပဲ။

အခုလို ကမ္ဘာကြီးက ရွာသဖွယ်ဖြစ်လာနေချိန်မှာ နိုင်ငံကြီးတွေရဲ့ နည်းစနစ်တွေ၊စည်းမျဉ်းစည်းကမ်းတွေ၊ လူ့ကျင့်ဝတ်တွေကို လေ့လာ ရနေပါပြီ။

ကိုယ့်နိုင်ငံနဲ့ နှိုင်းယှဉ်ကြည့်ပါ။ ငါတို့နိုင်ငံမှာ ဘာတွေ လိုအပ်ချက် ရှိနေတာလဲ၊ စိတ်ဓာတ်တွေကို ဘယ်လိုပြုပြင်ကြမလဲ လေ့လာကြဖို့ တိုက်တွန်းလိုက်ပါရစေ။

လူငယ်ဆိုတာ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်မလား။ မင်းတို့ကို အားမကိုးရင် ဘယ်သူ့အားကိုးရမလဲ။ အကျင့်ပျက်နေတဲ့ လူတွေကို ဘုရားစင်ပေါ်တင် ကိုးကွယ်ထားမှာထက် ကိုယ့်တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကိုယ်ကိုယ်တိုင် ပြင်ဆင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

Career, Current, Lifestyle

Leave a Reply

Your email address will not be published. Required fields are marked *