လူငယ်နှင့် ခေါင်းဆောင်မှုစွမ်းရည်

တိုးတက်လာတဲ့ ယနေခေတ်မှာ ကျွန်တော်တို့ လူငယ်တွေအတွက် ဘာသာစကားတစ်ခုတတ်ရုံ ၊ လုပ်ငန်းကျွမ်းကျင်ရုံတို့နဲ့ မရတော့ပါဘူး။ ခေါင်းဆောင်မှုစွမ်းရည်တွေ၊ စီမံအုပ်ချုပ်နိုင်မှုစွမ်းရည်တွေ၊ ညှိုးနှိုင်းစေ့စပ်နိုင်တဲ့စွမ်းရည်တွေ၊ အချိန်ကို ကောင်းစွာစီမံခန့်ခွဲနိုင်တဲ့စွမ်းရည်တွေ ၊ ပြဿနာဖြေရှင်းနိုင်တဲ့စွမ်းရည်တွေ၊ လူမှုဆက်ဆံရေးစွမ်းရည်တွေ စတဲ့စွမ်းရည်တွေပါ လိုအပ်လာပြီ ဖြစ်ပါတယ်။

ဒီလိုစွမ်းရည်တွေနဲ့ ပြည့်စုံပါမှ မိမိအသက်မွေးဝမ်းကြောင်းနယ်ပယ်မှာ ခေါင်းဆောင်မှုစွမ်းရည်နဲ့ ပြည့်စုံတဲ့ လူငယ်တစ်ယောက်ဖြစ်လာမှာပါ။ဒါကြောင့် ဒီနေ့ခေတ်မှာ မရှိမဖြစ်လိုအပ်တဲ့ လူငယ်နှင့် ခေါင်းဆောင်မှုစွမ်းရည် အကြောင်းကို ဆွေးနွေးတင်ပြလိုပါတယ်။

ခေါင်းဆောင်မှုစွမ်းရည်ဆိုတာဘာပါလဲ။ ကျွန်တော့်အမြင်ရတော့ ပြောင်းလဲနိုင်မှု၊ စိတ်ဓာတ်တက်ကြွအောင် လှုံဆော်နိုင်မှု၊ လူအများပေါ် လွှမ်းမိုးနိုင်မှု စတဲ့စွမ်းရည်တွေလို့ထင်ပါတယ်။လူငယ်တွေ ခေါင်းဆောင်မှုစွမ်းရည်ရှိလာအောင် ဘယ်လိုပြုမှုနေထိုင်မလဲ။

ဦးစွာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေချင်ပါတယ်။ ဒါပေမယ့်လည်း ယုံကြည်မှုရှိတာနဲ့ စိတ်ကြီးဝင်နေတာနဲ့ကိုတော့ ရောမချစေချင်ပါ။ နောက်တစ်ခုက ခေါင်းဆောင်မှုစွမ်းရည်ဆိုတာကလည်း အမြင်စွမ်းရည်တစ်မျိုးပါပဲ။

လူငယ်တွေအနေနဲ့ စွန့်စားလုပ်ကိုင်ရမှာကို မကြောက်ပါနဲ့။ မိဘနဲ့ အတိုက်အခံလုပ်ရမှာ လူတွေအပြောကို ကြောက်တာ၊ အတွေးလွန်နေတာတွေရပ်ပြီး လုပ်ကြည့်လိုက်ပါ။ မှားခဲ့မယ်ဆိုရင်တောင် အဲ့အမှားကို လုပ်နိုင်ခဲ့တယ် အတွက် ဂုဏ်ယူပါ။ အများ မလုပ်နိုင်ခဲ့တဲ့ အမှားမျိုးကို ငါလုပ်နိုင်ခဲ့တယ်လို့ သင်ခန်းစာယူပြီး အသစ်တဖန်ပြန်လည်နိုးထလိုက်ပါ။

မင်းမလုပ်နိုင်တဲ့ အရာတွေကို ဘယ်သူ့ကိုမှ ပြောခွင့်မပြုပါနဲ့။ ဖန်တီးပြလိုက်ပါ။ မင်းအဖွဲ့အစည်းရဲ့ အားနည်းချက်၊ အားသာချက်ကို သိပါစေ။ အဖွဲ့အစည်းတစ်ခုကို အုပ်ချုပ်တဲ့အခါ တရားမျှတမှု ရှိပါစေ။ ငါ စွဲ မစွဲပါနဲ့။

မင်းဟာ လူငယ်တစ်ယောက်ဖြစ်တာကို အမြဲတမ်း သတိရှိပါ။ အရာရာတိုင်းကို သိအောင်တတ်အောင်သင်ယူပါ။ ဘယ်အရာမဆို တက်တက်ကြွကြွ နိုးနိုးကြားကြားနဲ့ ဦးဆောင်လုပ်ဆောင်ပါ။သူငယ်ချင်းတွေ၊ အသိမိတ်ဆွေတွေနဲ့ ကျယ်ပြန့်တဲ့ ဆက်ဆံရေးတစ်ခုရဖို့ ကြိုးစားပါ။ချိတ်ဆက်ပါ။ မင်းမသိတဲ့ လူတစ်ယောက်နဲ့ ကွန်ရက်တစ်ခု ချိတ်ဆက်ချင်ရင် မင်းကဦးဆောင်နှုတ်ဆက်ပြီး မိတ်ဆက်လိုက်ပါ။

အထက်ဖော်ပြပါ ပြုလုပ်ရမယ့် စွမ်းရည်တွေ၊ ပြုပြင်ရမယ့်အရာတွေက ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ယခုလို ၂၁ ရာစုမှာ နေထိုင်တဲ့ လူငယ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေပဲဖြစ်တယ်။ အတွေးသစ်တွေ၊ အမြင်သစ်တွေ၊ စိန်ခေါ်မှုအသစ်တွေ၊ မှန်ကန်တဲ့ အတွေးအခေါ်တွေ စတဲ့ အရည်အချင်းတွေနဲ့ ပြည့်ဝတဲ့ လူငယ့်ခေါင်းဆောင်တွေ ဖြစ်လာစေရန် ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ပါတယ်။

Career, Current, Education

Leave a Reply

Your email address will not be published. Required fields are marked *