အားနည်းချက်ကို အားသာချက်အဖြစ် ပြောင်းလဲမယ်

ကျွန်တော်တို့ဟာ အားနည်းချက်၊ အားသာချက်တွေနဲ့ စုစည်း ဖန်တီးထားတာ ဖြစ်ပါတယ်။ လူ့သဘာဝအတိုင်း အခက်အခဲတွေ၊ အတားအဆီးတွေကို ရင်ဆိုင်ရမှာ ဖြစ်ပေမယ့််လည်း၊ ရိုးရှင်း မှန်ကန်တဲ့ နည်းလမ်းကို အသုံးပြုပြီး ကိုယ့်ရဲ့ အားနည်းချက်တွေကို အားသာချက်အဖြစ် ပြောင်းလဲနိုင်စွမ်း ရှိရပါမယ်။
“ ဒုက္ခတွေ့နေတဲ့အချိန်မှာတောင် ပြုံးနိုင်တဲ့သူတွေကို ကျွန်တော် သဘောကျတယ်၊ သူတို့က အခက်ခဲတွေကနေ ခွန်အားတွေ စုစည်းနိုုင်ပြီး၊ ငြင်းပယ်ချက်တွေကို ရဲရဲရင့်ရင့် ရင်ဆိုင်တတ်ကြတယ်” လို့ လီယိုနာဒို ဒါဗင်ချီက ဆိုပါတယ်။
ယနေ့ခေတ် လူတိုင်းအားကျမယ့် နေရာကို ရောက်နေတဲ့ အောင်မြင်နေသူ အများစုကို ကြည့်လိုက်မယ်ဆိုရင်၊ အခက်ခဲတွေကို ကိုယ်တိုင် ရုန်းကန်ပြီး၊ ကျော်ဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘီလ်ဂိတ်၊ စတီဗင် ကင်း၊ အော်ပရာ ဝင်းဖရေးနဲ့ ဖရန်ကင် ရုစဗဲ့တို့လို လူမျိုးတွေပေါ့။
ဒီဆောင်းပါးမှာတော့ ကိုယ့်ရဲ့ အားနည်းချက်ကို အကျိုးရှိရှိ အသုံးချကာ၊ အားသာချက်အဖြစ် ပြောင်းလဲယူနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
(၁) ရှက်ရွံ့စိတ် (Shyness)
ရှက်တတ်တာက ဘဝမှာ အခက်ခဲပိုတွေ့ရတတ်သော်လည်း၊ ကိုယ့်ရှက်တတ်စိတ်ကို ကိုင်တွယ်ပြီး၊ အားသာချက်အဖြစ် ပြောင်းလဲတာက အကျိုးများစေပါတယ်။
အရှက်အကြောက်ကြီးတဲ့သူတွေက ဆောင်ရွက်ချက်တိုင်းကို အတွေးလွန်တတ်ကြပါတယ်။ ဆိုလိုတာက သူတို့တွေဟာ ဆုံးဖြတ်ချက်တွေကို ဂရုတစိုက်ချတတ်သူတွေ ဖြစ်ကြပြီး၊ တစ်ခုခုကို မတုံ့ပြန်ခင်မှာ သူ့ရဲ့ကောင်းကျိုး၊ ဆိုးကျိုးတွေကို အမြဲတစေ ချိန်ဆတတ်ကြသူတွေ ဖြစ်ပါတယ်။
ရှက်တတ်သူတွေက ကိုယ်တည်ဆောက်ထားတဲ့ ရင်းနှီးဆက်ဆံရေးတွေမှာ ပိုပြီး တန်ဖိုးထားတတ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ လူသစ်တစ်ယောက်နဲ့ စတင်ပြောဆိုဖို့ ဝန်လေးတတ်ကြလို့ ဖြစ်ပါတယ်။ ဒါက ကိုယ့်အပေါ် သစ္စာရှိတဲ့သူတွေနဲ့ အချိန်ကြာမြင့်စွာ ရင်းနှီးမှု တည်ဆောက်နိုင်ပြီး၊ သူတို့က ကိုယ့်အပေါ် ယုံကြည်မှုတွေ တိုးပွားနိုင်ပါတယ်။
(၂) တစ်ကိုယ်ကောင်းဆန်မှု (Selfishness)
တစ်ကိုယ်ကောင်းဆန်တာက အလွန်မကောင်းတဲ့ ပင်ကိုယ်စရိုက်လို့ မြင်ရပေမယ့်၊ ကောင်းမွန်တဲ့နည်းလမ်းဖြင့် ကိုယ့်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုကို ့ လက်ခံလိုက်တာနဲ့ ရနိုင်တဲ့ အကျိုးတွေ များစွာရှိပါတယ်။
လူတွေက ကိုယ်ကျိုးကြည့်တဲ့သူတွေဟာ တစ်ဖက်သားအပေါ် မငဲ့ကွက်ကြဘူး၊ လောဘကြီးတယ်၊ ဗိုလ်ကျတတ်တယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ကိုယ့်ဘဝ ပြီးပြည့်စုံ သာယာဖို့အတွက် စိတ်နှစ်ကြိုးပမ်းနေတာကလည်း လိုအပ်တဲ့ ရှင်သန်ရေး အတွင်းစိတ်ပဲ ဖြစ်ပါတယ်။
ကိုယ့်ကျိုးကြည့်တတ်တဲ့ အားနည်းချက်ကို အားသာချက်အဖြစ် ပြောင်းလဲတာထက် ကိုယ့်ကိုယ့်ကို အာရုံစိုက်ဖို့ပဲ ကြိုးစားပါ။
သူများတွေကို လက်ကမ်းကြိုဆိုပြီး မကူညီခင်မှာ၊ ကိုယ့်ဘဝအတွက် အကောင်းဆုံး အနေအထားရောက်အောင် ကြိုးစားပြီး၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းရပါမယ်။
တစ်ကိုယ်ကောင်းသမား၊ ကိုယ်ကျိုးသမားတွေက ဘဝမှာ ယုံကြည်ချက်ပိုရှိဖို့၊ ပိုပျော်ရွှင်နိုင်ဖို့၊ ပိုပြီးအောင်မြင်ချင်တတ်ကြပါတယ်။ သူတို့ဟာ သူ့တို့အိပ်မက်တွေကို အကောင်ထည်ဖော်ဖို့ ဘယ်တော့မှ လက်မလျှော့တတ်ကြတဲ့သူတွေ ဖြစ်ကြပါတယ်။
(၃) အတ္တကြီးစိတ် (Big Ego)
ဒီလက္ခဏာကလည်း တစ်ကိုယ်ကောင်းသမားနဲ့ မထူးခြားနားပါပဲ။ ကောင်းမွန်တဲ့အတ္တဆိုတာ ကိုယ့်ရဲ့ ပန်းတိုင်တွေကို ဆွတ်ခူးရာမှာ တွေ့ရမယ့် စွန့်စားမှုတွေကို ပိုပြီး ယုံကြည်မှုရှိရှိလုပ်ဆောင်တာ ဖြစ်ပါတယ်။
အတ္တကြီးတာက ကိုယ့်ရဲ့ အတွင်းစိတ်ကို ဖျက်ဆီးတတ်နိုင်ပေမယ့် မိမိအတ္တကို သေချာ စစ်ဆေးပြီး အသုံးပြုမယ်ဆိုရင် အကျိုးဖြစ်စေမှာ ဖြစ်ပါတယ်။
ထားသင့်တဲ့အတ္တဆိုတာ မာနကြီး၊ စိတ်ကြီးဝင်နေတာထက်၊ ကိုယ့်ကိုယ်ကို တန်ဖိုးထား ကာ ကိုယ့်အတိတ်က အောင်မြင်ခဲ့တဲ့အရာတွေကို ဂုဏ်ယူပြဖို့ မကြောက်ရွံ့တာ ဖြစ်တယ်။
ကိုယ့်ကိုယ်ကို ကိုးကွယ်တဲ့ အတ္တစိတ်က အခက်ခဲတွေ တွေ့ကြုံလာတဲ့အခါ၊ မကြောက်မရွံ့နဲ့ ဖြတ်သန်းနိုင်စေမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ် ဘာတွေ လုပ်နိုင်စွမ်းရှိတာကို သိပြီးတော့၊ ယုံကြည်မှုနဲ့ ရှေ့ဆက်နိုင်လို့ပါပဲ။
ဒါတွေက စီးပွားရေးလုပ်ငန်းလုပ်ဆောင်ရာမှာ အရေးကြီးတဲ့ စရိုက်တွေပဲ ဖြစ်ပါတယ်။

(၄) စိတ်ခံစားလွယ်မှု (Sensitivity)
ဝေဖန်၊ တိုက်ခိုက်မှုတွေကို ဆန့်ကျင် တုံ့ပြန်တတ်တာက ကိုယ့်ရဲ့ အလုပ်တိုးတက်မှုကို အဟန့်အတားမဖြစ်စေနိုင်ပေမယ့်၊ ဆက်ဆံရေးတွေကို အောင်အောင်မြင်မြင် တည်ဆောက်တဲ့နေရာမှာ အခက်ခဲတွေ့တတ်ပါတယ်။
ကိုယ့်ရဲ့ စိတ်ခံစားမှုကို သာမန်ဖြစ်စေတဲ့ အခြေနေထိ တည်ဆောက်ယူပါ။ ဝေဖန်မှုတွေကို သည်းခံမှုမြင့်စေပြီး၊ မကောင်းတဲ့ တုံ့ပြန်ချက်တွေကို လိုက်ခံစားဖို့ နည်းနိုင်သမျှနည်းအောင် လုပ်ယူပါ။
(၅) အစိုးရိမ်လွန်မှု (Neuroticism)
သောကရောက်တာက လုံးဝ မကောင်းတဲ့အရာပါ။ သို့သော်၊ စိုးရိမ်ပူပန်မှု အနည်းငယ်ရှိတာကတော့ အထူးသဖြင့် စီးပွားရေးလုပ်ငန်းတွေမှာ သိသိသာသာ အကျိုးရှိစေပါတယ်။
စိုးရိမ်မှုတွေကို ကောင်းကောင်း ကိုင်တွယ်ခြင်းအားဖြင့်၊ မူမမှန်တဲ့သူတွေက ဒီအားနည်းချက်ကို သတိပြုမိတာက တစ်ဆင့် အကျိုးဖြစ်စေပါတယ်။
စိုးရိမ်လွန်မှု မဖြစ်အောင် ထိန်းချုပ်ဖို့က စိန်ခေါ်မှု ဖြစ်စေနိုင်ပါတယ်။ စိုးရိမ်လွန်ကဲတဲ့ သူတွေဟာ အချိန်ပိုဆွဲတဲ့ အကျင့်ရှိကြပြီး၊ နေ့စဉ်တိုင်း စိတ်ဖိစီးတွေရဲ့ လွှမ်းမိုးခံရတတ်ပါတယ်။
ဒါကို အကူညီဖြစ်စေမယ့် နည်းလမ်းကတော့၊ နိစ္စဒူဝ အလုပ်တစ်ခုကို လုပ်ဖို့ပါပဲ။ နေ့စဉ်အလုပ်တွေကို တစ်သတ်မတ်တည်းလုပ်ကာ၊ မလိုအပ်ဘဲ စိုးရိမ်ပူပန်မှုတွေကို အချိန်ပေးတာ လျှော့ချရပါမယ်။
(၆) အဆိုးမြင်တတ်မှု (Pessimism)
စိတ်ခွန်အားပေးတဲ့ ဟောပြောသူတွေက အကောင်းမြင်တတ်ခြင်းရဲ့ အစွမ်းကို ပြောကြပါလိမ့်မယ်။
ဒါပေမဲ့ အဆိုးမြင်တတ်တာကလည်း အကျိုးရှိစေပါတယ်။ မကောင်းမြင်တတ်မှုက အမြင်ရှင်းလင်းစေကာ၊ ယုံကြည်မှု လွန်ကဲတာကို ဟန့်တားပေးပါတယ်။
သံသယ အနည်းငယ်ရှိတာက ဘယ်အခြေနေမှာမဆို ကိုယ့်ကို အကောင်းဆုံး စွမ်းဆောင်စေပါတယ်။ ယင်းနောက် ရလဒ်ကောင်းတွေ ရလာတဲ့အခါမှာ ပိုပြီး စိတ်ကျေနပ်မှု ခံစားရစေမှာ ဖြစ်ပါတယ်။

ကိုယ့်မှာ ရှိတဲ့အားနည်းချက်တွေကို မြင်အောင်ကြည့်ကာ၊ အားသာချက်အဖြစ် ပြောင်းလဲယူတတ်ရပါမယ်။
ကိုယ့်အားနည်းချက်တွေက ကိုယ့်ကိုယ်ရည်ကိုယ်သွေးနဲ့ လုပ်ငန်းတိုးတက်မှုအပေါ် ဟန့်တားမှုရှိမရှိ သတိထားကြည့်ရပါမယ်။
အားနည်းချက်ကို အားသာချက်အဖြစ် ပြောင်းလဲလိုက်ပေမယ့်၊ လုံးလုံး အားနည်းချက်တွေက ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ ဒါက သင့်အိပ်မက်တွေကို ဖန်တီးတဲ့နေရာမှာ အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။

Writer & Translator : Su Mi San

Career

Leave a Reply

Your email address will not be published. Required fields are marked *